WELCOME

5 December 2011

တွေးစရာလေးတွေပါ

ကြာလေ ဆန်းလေပဲ ဆန်းတယ်ဆိုတာ ကြာလာရင် မဆန်းတော့ပါဘူး။ ရိုးတာကမှ ကြာလေ ဆန်းလေပါပဲ။ အဲဒါ ဘာကြောင့်လဲ သိလား? ဆန်းတာတွေဟာ ပေါများနေပေမယ့် ရိုးသားမှုတွေ ရှားသွားလို့ပါ။ အလိုက်သင့်ပဲလား အရာအရာမှာ အလိုက်သင့်ကလေး နေပေးသွားရင် ဘာပြဿနာမှ မဖြစ်ပေမယ့် သာသနာမှာ အလိုက်သင့်ကလေး နေပေးရင်တော့ သာသနာပျက်မှာပေါ့။ ရွေးချယ်ကြည့်ပါ မိမိကောင်းစားရေးအတွက် အများကို လှေကားသဖွယ် အသုံးမပြုပါနဲ့။ အများကောင်းစားရေးအတွက်သာ မိမိကို လှေကားသဖွယ် အသုံးပြုပေးလိုက်ပါ။ သူ့အလညှ့်ကိုယ်အလှည့် စကားပြောတဲ့အခါ ကိုယ့်တစ်ယောက်တည်းပဲ မပြောပါနဲ့ သူပြောလှည့်လည်ပေးပါဦး။ ဒါမှ ယဉ်ကျေးသူ ဖြစ်မှာပေါ့။ ကောင်းစေချင်လို့ ကိုယ်က သူများကိုသာ ဝေဖန်ပြီး သူများက ကိုယ့်ကို ဝေဖန်တာကို မကြိုက်ဘူးဆိုရင် ဆုံးရှုံးမှုနဲ့ ကြုံရမှာပေါ့။ လေးကျင့် ပျိုးထောင်ပေးပါ မကောင်းတဲ့ အမှုအကျင့်တွေက တမင် အားထုတ်စရာမလိုပေမယ့် ကောင်းတဲ့ အမှုအကျင့်တွေကတော့ တမင်ကို လေ့ကျင့်ပျိုးထောင်ပေးရမှာ။ ဓာတ်တူရာ ပေါင်းတတ်ကြစမြဲ လောကမှာ အကျင့်တူရာတူရာ ပေါင်းတတ်တာဖြစ်လို့ ကိုယ်နဲ့ပေါင်းတဲ့လူကကော ကိုယ်နဲ့အကျင့်တူတယ်ဆိုရင် သူ့ရဲ့ အမူအကျင့်တွေကကော ကောင်းသလား? လေ့လာကြည့်ပါဦး။ တရားပါစေ လူတွေဟာ သူတစ်ပါးရဲ့ အပြစ်ကို ပြောတဲ့အခါ အာသွက်လျှာသွက်ရှိပေမယ့် သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ပြောတဲ့အခါကျတော့ အာလေးလျှာလေး ရှိနေတတ်ကြတယ်။ တော်တော် မတရားပါလား။ ဘယ်သူ့အတွက် နာရီ.မိနစ်.စက္ကန့်တွေဟာ ပုံမှန်လည်ပတ်ပြီး မိမိရဲ့ လူ့ဘဝနေရမယ့် အချိန်တွေကို ဝါးမျိုနေပါတယ်။ အဲဒီတော့…… ကျန်နေသေးတဲ့အချိန်တွေကို ဘယ်သူ့အတွက်အသုံးပြုလဲ? ဘာအတွက် အသုံးပြုမှာလဲ? အပြစ်မယူမိစေနဲ့ မချီးကျူးသင့်သူကို ချီးကျူးရင် အပြစ်ရှိသလို ချီးမွမ်းထိုက်သူကိုကဲ့ရဲ့ရင်လည်း အပြစ်ရှိပါတယ်။ စေတနာအကျိုးပေး စေတနာကောင်းနဲ့ လုပ်လို့လွဲသွားတဲ့အခါ အများက ခွင့်လွှတ်နားလည်ပေးပေမယ့် စေတနာမဲ့ လုပ်တာမျိုးကိုတော့ ဘယ်သူမှ နားလည်ပေးမှာ မဟုတ်ပါဘူး။ လိုရင်တိုရှင်း ဆုံးမလမ်းညွန်တဲ့အခါ မိမိပြောလိုတဲ့ လိုရင်းကိုပဲ ထိထိမိမိတိုတိုရှင်းရှင်းပြောတာဟာ အကောင်းဆုံးပဲ။ မပျက်စီးအောင်သတိဆောင် တစ်ခါတစ်ခါကိုယ့်လုပ်ဆောင်ချက်တွေကို အားပေးသလိုနဲ့ ဖျက်ဆီးတတ်သူတွေ ရှိတတ်ပါတယ်။ ဒါလည်း သတိထားရမယ့် အချက်ပါပဲ။ ပြောတိုင်းလည်း မကောင်း စကားပြောကောင်းတာချီးကျူးစရာ ကောင်းပေမယ့် ကျောညောင်းသွားအောင် ပြောတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ပြန်စစ်ကြည့်ပါဦး ကောင်းစေချင်လို့ ပြုပြင်စရာတွေကို ဝိုင်းပြီးပြုပြင်တဲ့အခါ ကိုယ့်ကိုယ်ကို ပြန်စစ်ကြည့်ပါဦး ငါ့မှာတကယ်ကောင်းစေချင်တဲ့စေတနာ ရှိသလား? ကိုယ်တရားကိုယ်နာပါ သူများကို ပြုပြင်ရေးစကားတွေ ပြောနေပေမယ့် ကိုယ်ကိုတိုင်ကကော ကိုယ်ပြောတဲ့ စကားတွေ ကြားနာမိသလား? လိုက်နာမိသလား? ပြန်စဉ်းစားပါဦး။ ကိုယ်မဟုတ်တဲ့ သူ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်အလိုကျ မလိုက်နိုင်တာတွေ ရှိတတ်သေးတာ သူများဆိုတာ ကိုယ်မှမဟုတ်ဘဲ။ ညီတူ ညီမျှ သူများတွေက ဝိုင်းပြီးအပုပ်ချတဲ့အခါ ကိုယ်ပါ ရောပြီးအပုပ်ချတတ်ပါတယ်။ ဒါပေမယ့် သူများတွေကဝိုင်းပြီး ချီးကျူးတဲ့အခါမှာ ကိုယ်ကကော ချီးကျူးမိသလား? ပြုပြင်ပေးပါလား အပြစ်တင်နေမယ့်အစား လမ်းကြောင်းအမှန်ကို ပြောပေးရင် ပိုကောင်းမယ်။ ဒါပေမယ့် ဆရာလုပ်တာမျိုးတော့ မဖြစ်စေရဘူးနော်။ တစ်ယောက်တည်း တည့်အောင်နေ ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာ အရာရာကိုစိတ်တိုင်မကျဖြစ်တတ်လို့ အသက်ရှိ အသက်မဲ့ အရာရာတိုင်းနဲ့ပဲ ရန်ဖြစ်နေတတ်တယ်။ ဒါကြောင့် တစ်ယောက်တည်းနေပေမယ့် မတည့်ပါဘူး။

No comments:

Post a Comment